Myanmar context

မြန်မာ့ဆက်စပ်အခြေအနေ




မြန်မာနိုင်ငံသည် ရာသီဥတု ဘေးအန္တရာယ်ရှိနိုင်မှုနှင့် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိမှု နှစ်မျိုးစလုံး ထည့်သွင်းစဉ်းစားပါက ကမ္ဘာပေါ်တွင် ရာသီဥတုဆိုင်ရာ ထိခိုက်လွယ်ဆုံးသော နိုင်ငံများထဲမှ တစ်ခုဖြစ်သည်။ ယင်း၏ အလွန်အမင်း ထိခိုက်လွယ်မှုသည် ပထဝီတည်နေရာ၊ အမျိုးမျိုးသော ရာသီဥတုဆိုင်ရာ ဖြစ်ရပ်တို့၏ ဒဏ်ခံထိတွေ့ရခြင်း၊ ဝင်ငွေနည်းပါးသော အခြေအနေနှင့် မတည်ငြိမ်သော အုပ်ချုပ်ရေး ဖွဲ့စည်းတည်ဆောက်မှုများ စသည်တို့၏ ပေါင်းစပ်မှုမှ ရလဒ်ပင်ဖြစ်လေသည်။ မြန်မာနိုင်ငံသည် ဆိုင်ကလုန်းမုန်တိုင်းများ၊ မြေပြိုမှုများ၊ မြေငလျင်များ၊ မိုးခေါင်ခြင်းများ အပါအဝင် သဘာဝဘေးအန္တရာယ်များမှ သိသာထင်ရှားသော ခြိမ်းခြောက်မှုများကိုလည်း ကြုံတွေ့နေရသည်။ သဘာဝဘေးအန္တရာယ်များကြောင့် မြန်မာနိုင်ငံသည် နှစ်စဉ် ဂျီဒီပီ ၏ (၃) ရာခိုင်နှုန်းခန့် ဆုံးရှုံးနေရသည် ။ ရာသီဥတုပြောင်းလဲမှုကြောင့် အပူလွန်ကဲခြင်း၊ ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းများဖြစ်ပေါ်စေခြင်း၊ မကြာခဏ ထပ်တလဲလဲ ရေကြီးရေလျှံမှုများများနှင့် မုန်တိုင်းဒီရေမြင့်တက်ခြင်းများ၊ မိုးခေါင်ခြင်းများနှင့် နောက်ဆက်တွဲ ရာသီဥတုကြောင့် ရွှေ့ပြောင်းနေထိုင်ခြင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ကုန်ထုတ်စွမ်းအား ဆုံးရှုံးခြင်း စသည့် ပိုမိုကြိမ်ဖန်များ၍ ပိုမိုပြင်းထန်သော ဘေးအန္တရာယ်များ အပါအဝင် အခြားသောအကျိုးဆက်များကို ဖြစ်ပေါ်စေလျှက်ရှိနေပါသည်။ မြန်မာနိုင်ငံတစ်ဝှမ်းရှိ မတူညီသော ပထဝီရာသီဥတုဒေသများသည် မတူညီသော စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသော်လည်း ဘေးအန္တရာယ်များ ကြုံတွေ့ခဲ့ရမှုတွင် တူညီမှုအချို့ ရှိပါသည်။ နိုင်ငံတစ်ဝှမ်း အဓိကအဆိုးဝါးဆုံး ရာသီဥတုဘေးအန္တရာယ်များမှာ မိုးသည်းထန်စွာရွာသွန်းခြင်း၊ အပူလွန်ကဲခြင်းနှင့် မိုးခေါင်ခြင်းများ၊ ရေလွှမ်းမိုးခြင်း သို့မဟုတ် ရေရှားပါးခြင်းတို့ဖြစ်ကြသည်။

လာမည့် ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံ၏ ရာသီဥတုသည် သိသာထင်ရှားစွာ ပြောင်းလဲသွားလိမ့်မည်ဟု ခန့်မှန်းထားပါသည် ။

  • ● (၂၁) ရာစုအလယ်ပိုင်းတွင် မြန်မာနိုင်ငံရှိ ဒေသအသီးသီး၌ အပူချိန် (၁) ဒသမ (၃) ဒီဂရီစင်တီဂရိတ်မှ (၂) ဒသမ (၇) ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ အပူချိန်မြင့်တက်မှုသည် ရာသီနှင့် ဒေသအလိုက် ကွဲပြားခြားနားပြီး အေးမြသော (နိုဝင်ဘာလ မှ ဖေဖော်ဝါရီလထိ) နှင့်ပူပြင်းသော (မတ်လ မှ မေလထိ) ရာသီများသည် အမြင့်ဆုံးသောအပူချိန်ကို ကြုံတွေ့ရမည်ဟု ခန့်မှန်းထားပါသည် ။
  • ● ပူပြင်းသောရာသီတွင် ပျမ်းမျှအပူချိန် (၃) ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာခြင်းဖြင့် အရှေ့ပိုင်းနှင့် မြောက်ပိုင်း တောင်တန်းဒေသများသည် မြန်မာနိုင်ငံရှိ ဒေသအသီးသီးအကြား အသိသာဆုံးသော အပူလွန်ကဲမှုကို ကြုံတွေ့လာနိုင်ရကြောင်း ခန့်မှန်းထားပါသည်။
  • ● (၁၉၈၁)-(၂၀၁၀) ကာလအတွင်း၌ မြန်မာနိုင်ငံတွင် တစ်လလျှင် ပြင်းထန်သောအပူလွန်ကဲမှု တစ်ရက်ခန့် ရှိခဲ့ပါသည်။ အနာဂတ်တွင် မြန်မာနိုင်ငံတဝှမ်း မည်သည့်နေရာတွင်မဆို လစဉ် အပူလွန်ကဲမှု (၄) ရက်မှ (၁၇) ရက်အထိ ကြုံတွေ့ရနိုင်ကြောင်း ခန့်မှန်းချက်များအရ သိရသည်။
  • ● မိုးရွာသွန်းခြင်း ပုံစံ ပြောင်းလဲမှုများသည် ဒေသအလိုက်၊ ရာသီအလိုက် ကွဲပြားနိုင်ပြီး မုတ်သုံရာသီတွင် ပို၍တိုးလာမည်ဟု ခန့်မှန်းထားပြီး ကျန်နှစ်များတွင်လည်း တိုးလာနိုင်၊ ကျဆင်းသွားနိုင်ဖွယ်ရှိပါသည်။

ရာစုနှစ်အလယ်ပိုင်းတွင် ကမ်းရိုးတမ်း ပင်လယ်ရေမျက်နှာပြင်သည် (၂၀) စင်တီမီတာမှ (၄၁) စင်တီမီတာအထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည် ။ ကြိုတင်ခန့်မှန်းချက်များ ရှိထားသော်လည်း ဆိုင်ကလုန်းမုန်တိုင်း၏ ပြင်းထန်မှုနှင့် ကြိမ်နှုန်းအပြောင်းအလဲများမှာ မသေမချာပင်ရှိနေသေးသည်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာသည်နှင့်အမျှ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်နေချိန်တွင်သာမက လွတ်ကင်းနေချိန်တွင်ပါ ကမ်းရိုးတန်းရေကြီးမှုသည် ပိုမိုဆိုးရွားလာမည်ဖြစ်သည်။


ရာသီဥတုပြောင်းလဲမှု ၏ ဆိုးကျိုးသက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ခံနိုင်ရည်စွမ်း တည်ဆောက်ခြင်းသည် အားလုံးအတွက် အရေးပါသော ဦးစားပေးအရာတစ်ခု ဖြစ်သင့်ပါသည်။ ပဋိပက္ခဖြစ်ပွားသော အခြေအနေတွင် အားနည်းထိခိုက်လွယ်သော၊ ပဋိပက္ခဒဏ်ခံရသော ရပ်ရွာလူထုအတွက် အန္တရာယ်များမှာ တိုးလာပြီး တချိန်တည်းထပ်၍ ချိတ်ဆက်ဖြစ်ပေါ်နေသော ခြိမ်းခြောက်မှုအမျိုးစုံ ကို တုံ့ပြန်ရမည့် ဒေသတွင်း စွမ်းဆောင်ရည်များမှာမူ ကျဆင်းလာသည်။ ပဋိပက္ခသည် နေရပ်အိုးအိမ်စွန့်ခွာရမှု အတွက် အဓိကအကြီးမားဆုံး အကြောင်းခြင်းရာ ဖြစ်သော်လည်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ရာသီဥတုဆိုင်ရာ ထိခိုက်လွယ်မှု အများဆုံး နိုင်ငံတစ်ခုဖြစ်သည့်အတွက် ရာသီဥတုပြောင်းလဲမှုသည်လည်း နိုင်ငံတစ်ဝှမ်းရှိ လူအများအပြားကို နေရပ်အိုးအိမ်စွန့်ခွာရမှုများ ဖြစ်ပေါ်စေပါသည်။ တစ်ချိန်တည်းမှာပင် ရွှေ့ပြောင်းဒုက္ခသည်များသည် အချိုးအစားမညီစွာ မြို့ပြဒေသများသို့ ရွှေ့ပြောင်းနေထိုင်ခြင်းသည် ရာသီဥတုပြောင်းလဲမှု ဒဏ်ခံနိုင်ရည်ရှိသော၊ အလုံးစုံပါဝင်နိုင်သော၊ ရေရှည်တည်တံ့သော လူသားအခြေချနေထိုင်မှုများကို ဖန်တီးရန်အတွက် ရွှေ့ပြောင်းဒုက္ခသည်များ နှင့် ယင်းတို့ကို လက်ခံထားရှိသော ရပ်ရွာလူထု နှစ်ဖက်စလုံးကို ပံ့ပိုးကူညီပေးရန် လိုအပ်ကြောင်း မီးမောင်းထိုးပြလျှက်ရှိနေပါသည်။

ထို့အပြင် လုံလောက်သော နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်များ မရှိခြင်း၊ အသိအမြင်နည်းပါးခြင်း တို့သည် ရာသီဥတုပြောင်းလဲမှုနှင့် ၎င်း၏ အကျိုးဆက်များနှင့် စပ်လျဥ်း၍ ရရှိရမည့် ဒေတာ၊ သတင်းအချက်အလက်များ စသည်တို့ကို အကန့်အသတ်ဖြင့်သာ ရရှိစေပါသည်။ ယင်းသတင်းအချက်အလက်များသည် ဒေသတွင်း ရာသီဥတုဆိုင်ရာလှုပ်ရှားမှုကို အရှိန်အဟုန်မြှင့်တင်ရေးတွင် လွန်စွာအရေးကြီးသော၊ ရာသီဥတုဆိုင်ရာလှုပ်ရှားမှု အစီအစဥ်ရေးဆွဲခြင်း အတွက် အချက်အလက်အခြေပြု ချဉ်းကပ်မှုကို မြှင့်တင်ရန် အဓိကအရင်းအမြစ်များ ဖြစ်ကြပါသည်။