past-events

ယခင်အခမ်းအနားများ - မြန်မာနိုင်ငံ ရာသီဥတုဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ် ၂၀၂၃

ပထမအကြိမ် မြန်မာနိုင်ငံ ရာသီဥတုဆိုင်ရာလှုပ်ရှားမှု ရက်သတ္တပတ်ကို (၂၀၂၃) ခုနှစ် မတ်လ (၂၀) ရက်နေ့မှ (၂၆) ရက်နေ့အထိ နိုင်ငံအတွင်း ရာသီဥတုဆိုင်ရာ ဆွေးနွေးမှုများနှင့် လှုပ်ရှားမှုများကို ပြန်လည်အသက်သွင်းရန် ရည်ရွယ်၍ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားကို ဥရောပသမဂ္ဂမှ ထောက်ပံ့ပေးထားသော မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာမိတ်အဖွဲ့ (Myanmar Climate Change Alliance) အစီအစဉ်၏ အစိတ်အပိုင်းအနေဖြင့် UN-Habitat Myanmar မှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။ ဦးစားပေးမှုအရွေ့များကြားတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များကို ပြန်လည်အာရုံစိုက်ရန် ကဏ္ဍအသီးသီးမှ သက်ဆိုင်သူများက ဤအခမ်းအနားတွင် စုစည်းခဲ့ကြပါသည်။ MCAW ၂၀၂၃ နှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက အောက်ပါ အစည်းအဝေး အစီရင်ခံစာ နှင့် ဗီဒီယိုများကို ကြည့်ရှုပါ။

Meeting report

MCAW 2023 report

အကျဉ်းချုပ်ဗီဒီယို

အခမ်းအနား တက်ရောက်သူများအား MCAW ကွန်ယက်သည် သက်ဆိုင်သူများအားလုံးအတွက် အရေးပေါ် ရာသီဥတုဆိုင်ရာလှုပ်ရှားမှု ထောက်ခံအားပေးရန်၊ အသိပညာနှင့်စိတ်ကူးများကိုဖလှယ်ရန်၊ အကောင်းဆုံးအလေ့အကျင့်များကိုမြှင့်တင်ရန်နှင့် အရင်းအမြစ်များကို ပူးတွဲစုဆောင်းစီမံရန်အတွက် အခွင့်အလမ်းများကို ရှာဖွေရန် နေရာတစ်ခုအနေဖြင့် မိတ်ဆက်ခဲ့သည်။ အခမ်းအနားတက်ရောက်သူများ သည် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာအဆင့်များရှိ ရာသီဥတုဘေးအန္တရာယ်အလားအလာ၊ အာရှ-ပစိဖိတ်ဒေသရှိ ဆောင်ရွက်နေသောအစီအစဉ်များ၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDCs) ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ မြန်မာနိုင်ငံရှိ ရာသီဥတုဘေးအန္တရာယ်နှင့် အခွင့်အလမ်းများအား ခြုံငုံသုံးသပ်မှု စသည်တို့ လေ့လာနိုင်သည့် အခွင့်အရေး ရရှိခဲ့ပါသည်။

သဘာဝအခြေပြု ဖြေရှင်းနည်းများကို အာရုံစိုက် ဆွေးနွေးခြင်းကဏ္ဍ

"သဘာဝအခြေပြုဖြေရှင်းနည်းများ - ရာသီဥတုဆိုင်ရာလှုပ်ရှားမှု ဒေသဆိုင်ရာအတွေ့အကြုံများ" ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သော ဤကဏ္ဍတွင် အရေးပေါ်ရာသီဥတုလှုပ်ရှားမှုများအတွက် သဘာဝအခြေပြု အဖြေများကို ထောက်ခံအားပေးရန်၊ အသိပညာနှင့် စိတ်ကူးစိတ်သန်းများ ဖလှယ်ရန်၊ ဒေသဆိုင်ရာ ရာသီဥတုလှုပ်ရှားမှုများအတွက် အကောင်းဆုံးသော အလေ့အကျင့်များကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဖိလစ်ပိုင်နှင့် အိန္ဒိယနိုင်ငံမှ နိုင်ငံတကာကျွမ်းကျင်ပညာရှင်များကို ခေါ်ယူဆွေးနွေးခဲ့ပါသည်။ ဤဆွေးနွေးမှု ကဏ္ဍသည် အိမ်နီးချင်းနိုင်ငံများအနေဖြင့် ရာသီဥတုဆိုင်ရာ စိန်ခေါ်မှုများ၊ ခံနိုင်ရည်ရှိမှုများ ကို ကိုင်တွယ်ဖြေရှင်းခြင်း အတွေ့အကြုံများ၊ ယင်းအတွေ့အကြုံများသည် မြန်မာနိုင်ငံ၏ ဆက်စပ်အခြေအနေ၌ ကဏ္ဍစုံ ရာသီဥတုဆိုင်ရာလှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့်ရာတွင် မည်သို့ အသုံးချနိုင်မည် စသည်တို့ကို လေ့လာနိုင်စေခဲ့ပါသည်။။ ဤဆွေးနွေးမှုကဏ္ဍတွင် ကျွမ်းကျင်ပညာရှင်များက မြန်မာနိုင်ငံရှိ ပူပြင်းခြောက်သွေ့ဇုန်များ၊ ကမ်းရိုးတန်းဒေသများ၊ တောင်တန်းဒေသများ ပါဝင်သည့် ရာသီဥတုဇုန် (၃) မျိုးနှင့် စပ်လျဥ်းသော ယင်းတို့၏ ရာသီဥတုလှုပ်ရှားမှု ဆိုင်ရာအတွေ့အကြုံများကို မျှဝေခဲ့ကြပါသည်။ “မြန်မာနိုင်ငံ ဆက်စပ်အခြေအနေအရ ရာသီဥတုဆိုင်ရာလှုပ်ရှားမှုများ အကောင်အထည်ဖော်ရာတွင် အရှိန်အဟုန်မြှင့်တင်ရန် အဓိက အကြောင်းအရာနယ်ပယ်များနှင့် နည်းဗျူဟာများ” ခေါင်းစဥ်ဖြင့် ဝိုင်းဖွဲ့ဆွေးနွေးမှု ကဏ္ဍတွင် ကမ္ဘာ့ကုလသမဂ္ဂ ၊ နိုင်ငံတကာ NGO များ နှင့် ဒေသတွင်း NGO များမှ ကျွမ်းကျင်ပညာရှင်များ အတူတကွပူးပေါင်း၍ အတွေးအမြင်များ ဖလှယ်ခဲ့ကြပါသည်။ဤကဏ္ဍတွင် ပထဝီတည်နေရာ အမျိုးမျိုး၌ ကြုံတွေ့ရသော ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှုများကို အဓိကထား ဆွေးနွေးခဲ့ကြပါသည်။